ရန်ကုန်၊ ၇ ဒီဇင်ဘာ      

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီက ရွာမအနောက်ရပ်ကွက်၊ စည်ပင်ရိပ်သာတွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့သည်။

 

ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများ ပူးပေါင်းဆောင်ရွက်သော အင်းစိန်မြို့နယ် အတွင်းရှိ လူသွားလူလာများသောနေရာများသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများ စသည်တို့ကို လူတန်းစားမရွေး ဝယ်ယူနိုင်ရန် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ ဦးဆောင်၍ ခုနစ်ကြိမ်မြောက်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)