ရန်ကုန် ၂၆ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဈေးများ ယာယီပိတ်မည်ဆိုသော သတင်းများမှာ ကောလာဟလ သတင်များသာဖြစ်ပြီး မတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းက ဈေးရောင်း၊ ဈေးဝယ်သူများဖြင့် ပုံမှန်အတိုင်းရှိကြောင်း သိရသည်။
“ဈေးတွေပိတ်မယ်ဆိုတဲ့ သတင်းကြားတော့ ဆန်၊ ဆီ၊ ဆား စားစရာတွေ ဝယ်တာပါ၊ မေးကြည့်တော့လည်း တချို့က ဈေးတွေပိတ်မယ်။ တချို့ကတော့ မပိတ်ပါဘူးလို့ ပြောနေကြပါ တယ်။ ဈေးဆိုင်တွေကို မေးကြည့်တော့လည်း သူတို့လည်း တိတိကျကျမသိဘူး။ ကျွန်မကတော့ တစ်ပတ်တစ်ခါ ပုံမှန်ဈေးလာဝယ်တာပါ။ ယခုလိုသတင်းတွေကြားတော့ များများဝယ်ထားပါတယ်” ဟု ဈေးဝယ်သူတစ်ဦးကပြောသည်။
“ကျွန်တော်တို့ ဒီသတင်းတွေကို ကြားပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကောလာဟလ သတင်းတွေ့နဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ဖြေရှင်းဖို့ ဝန်ထမ်းတွေကို ပြောထားပါတယ်။ ညွှန်ကြားချက်ရရင်လည်း ချက်ချင်း ပြည်သူတွေကို သိရှိအောင် အသိပေးမှာပါ။ အင်းစိန်မြို့နယ် အတွင်း မှာ ရှိတဲ့ဈေးတွေ အကုန်လုံးကို ကျွန်တော်တို့ ဌာနဆိုင်ရာများ ပူးပေါင်းပြီး နေ့စဉ် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ဗီနိုင်းတွေ ကပ်ပါတယ်။ ဆေးလဲဖျန်း ပါတယ်။ လက်ဆေးစင်တွေလည်း ထားပေးထားပါတယ်။ လက်ကမ်းစာစောင်တွေလဲ ဖြန့်ဝေထားပါ တယ်။ ပြည်သူတွေအနေနဲ့လည်း သတင်းအမှားတွေကို ချင့်ချိန်ယုံကြည်ကြဖို့ တိုက်တွန်းပါတယ်” ဟု အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးလင်းအောင်ဟိန်း (ခ) ဦးလှိုင်မင်းက ပြောသည်။
ဇွဲထက်ကို(ပြန်/ဆက်)


