ရန်ကုန် ၉ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဈေးရောင်း သူနှင့်ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် ဈေးရုံသစ် တည်ဆောက်နေမှုများအား ကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၁၁) ဦးမင်းဟန်၊ ဈေးများဌာန ဌာနမှူး ဦးသန်းထိုက်၊ ဒုဌာနမှူး ဦးသောင်းတင်၊ ဈေးဌာန ခရိုင်မှူး ဦးကျော်မြင့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်း၊ခရိုင်ဈေးဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း၊ ဈေးဌာန အင်ဂျင်နီယာ ဒေါ်အေးအေးပြုံး၊ ဈေးတာဝန်ခံ ဒေါ်ခင်သန္တာထွေးနှင့် တာဝန်ရှိသူများသည် အောင်ဆန်းဈေး ဈေးရုံ(၂)တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဘိုကုန်းဈေးရုံသစ် အပိုင်း(၂) တည်ဆောက်နေမှုနှင့် အပိုင်း(၃) တည်ဆောက်ရန် စက်ယန္တရားကြီး များဖြင့် မြေတူးဖော် ဆောင်ရွက်နေခြင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များမှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများသို့ သွားရောက်၍ ဈေးအတွင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


