ရန်ကုန် ၂၆ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ပြည်သူများ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ခြင်မှတဆင့်ကူးစက်ရောဂါများမှ ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၅ ရက် နံနက်(၉)နာရီက နံသာကုန်းရပ်ကွက်၊ ဓမ္မာရုံလမ်းတွင် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာမှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းပြီး ရပ်ကွက်အတွင်းသို့ ခြင်းဆေးဖျန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင် ဆေးစိမ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီးနောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေး အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များကိုလည်း ခြင်မှတဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)