ရန်ကုန် ဒီဇင်ဘာ      

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်းမပါရှိလျှင် အခမဲ့ တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်းကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်အတွင်း၌ ရပ်ကွက်ပေါင်း ၂၁ ရပ်ကွက်အနက် ရွာမအရှေ့ ရပ်ကွက်၊ တညင်းကုန်းရပ်ကွက်နှင့် ဖော့ကန်ရပ်ကွက်များရှိ လမ်းများ၊လူစည်ကားရာ နေရာများ၊ ကားဂိတ်၊ ဈေးများသို့ သွားရောက်၍ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ရပ်ကွက်စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်းမပါရှိလျှင် အခမဲ့နှာခေါင်းစည်း တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Hand Speaker ဖြင့် အသိပညာ ပေးရာတွင် နှာခေါင်းစည်း Maskများကို မေးစေ့တွင်မချိတ်ပဲ နှာခေါင်းနှင့် ပါးစပ်များတွင် စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ နေကြရန်၊ လက်များကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန် စသည်တို့ကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အဆိုပါရပ်ကွက်(၃)ခုတွင် နှာခေါင်းစည်း(၁၀၀၀)ကျော်ကို အခမဲ့ တပ်ဆင်ပေးခဲ့ပြီး ကျန်ရှိနေသော ရပ်ကွက်များကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သွားရောက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)