ရန်ကုန်    ၁၆  ဧပြီ    

    

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၁၇) ဦးရှိပြီဖြစ်၍ ထပ်မံမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။

 

အင်းစိန်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သော စော်ဘွားကြီး ကုန်းရပ်ကွက်၊ (၁၀)မိုင်၊ ဓမ္မာရုံလမ်းအုပ်စု (၇) သို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူများဖြစ်သော အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် အဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ပိုးသတ်ဆေးဖျန်းခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ရပ်ကွက်မှ တာဝန်ရှိသူများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ရန် ဆွေးနွေးပြောကြားခဲ့သည်။


    
အင်းစိန်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၁၇) ဦး ရှိသွားပြီဖြစ်ပြီး ထပ်မံမဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)