ရန်ကုန် ၃ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်-ဘုရင့်နောင် လမ်းမကြီးပေါ်တွင် ယမန်နေ့က လမ်းလျှောက်လာသူသုံးဦးကို ယာဉ်ဖြင့် တိုက်မိ၍ နှစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ စက်ရုံမှ ညဆိုင်းဆင်းသည့် အလုပ်သမားများဖြစ်ပြီး ဒိုင်နာကားက နောက်မှ ဝင်ရောက်တိုက်မိပြီး တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး နောက်တစ်ဦးမှာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားရာ ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ မရရှိကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ သိရသည်။
ဒိုင်နာယာဉ်သည် အဆိုပါသုံးဦးအား တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် ကုန်ကားကို ဆက်လက်တိုက်မိသဖြင့် ယာဉ်မောင်းမှာ ခေါင်းခန်းအတွင်း ညှပ်နေ၍ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့ဖြင့် သွားရောက်ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပြီး လူမှုကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် လူနာများအား အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)