ရန်ကုန်၊  ၂၂   ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီ အသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ မဂ္ဂင်ကျောင်းလမ်း၊မဂ္ဂကျောင်းတိုက်မှ သီလရှင်တစ်ပါး ကျောက်ကပ် ဝေဒနာရှင် လူနာနှင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အမောဖောက်ပြီး အသက်ရှူကျပ်ရောဂါခံစားရပြီး ဆေးရုံပို့ရန်အကူအညီ တောင်းခံလာသဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ ဝန်ထမ်းများက လူနာတင်ယာဉ်ကား(၂)စီးဖြင့် အချိန်နှင့် တစ်ပြေးညီ အဆိုပါဖြစ်ပွားသည့်နေရာများသို့ သွား ရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

mdn