ရန်ကုန် ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထားသောတိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ ကျပ်သိန်း ၈ဝဝ ဖိုးခန့်ရှိ သုတ၊ ရသ၊ စာအုပ်များကို ပေးအပ်လျက်ရှိရာ အင်းစိန်မြို့နယ် စာအုပ်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာအုပ်များပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဝင် ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းယုတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်သော သုတ၊ ရသ စာအုပ်များကို အင်းစိန်မြို့နယ် အတွင်းရှိ စာကြည့်တိုက် ၁၃ တိုက်သို့ စာကြည့်တိုက် တစ်တိုက်လျှင် သုတ၊ ရသ စာအုပ် ၈၇ အုပ်စီကို ပေးအပ်ကြရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်ဦး


