ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမကွက်သစ် ကျောင်းတိုက်အတွင်း တည်ဆောက်သည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အသင်း၏မတည်ငွေနှင့် အလှူရှင်များ လှူဒါန်းသည့် လှူဒါန်းငွေများဖြင့် တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အေက်ဆီဂျင် စက်ရုံသစ်ကို အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ် ထုတ်လုပ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပါဝင်အားပေးကူညီမှု လှူဒါန်းငွေ၊ အသင်း၏ မတည်ငွေနှင့် အလှူရှင် အသီးသီးတို့၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် ဝယ်ယူထားပြီး ယင်း အောက်ဆီဂျင်စက်ရုံတွင် တစ်နာရီလျှင်(၄၀)လီတာ ဝင်အိုးကြီး (၁၀)လုံးခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ တစ်ရက်လျှင် (၄၀)လီတာဝင်အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ်ပေးနိုင်ရန်အတွက် စက်ကြီးအား ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက တပ်ဆင်ပြီးစီးပြီးဖြစ်၍ စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ကာ အောက်တိုဘာလအတွင်း ထုတ်လုပ်အသုံးပြုနိုင်မည် ဖြစ်သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)