ရန်ကုန် ၂၆ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က နေအိမ်များတွင် စာရင်းကောက်ယူလျက်ရှိပြီး တောင်သူကုန်းရပ်ကွက်မှ ရောဂါပိုးတွေ့ရှိသူတစ်ဦးကို မတ် ၂၄ ရက်က ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားရာ ယနေ့နံနက်တွင် အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
မတ် ၂၅ ရက်မှစ၍ အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များတွင် ပြည်ပမှ ပြန်ရောက်လာသူ ၇၄ ဦးကို စာရင်းကောက်ယူထားရှိပြီး ယနေ့တွင် ဆက်လက်စာရင်းကောက်လျက်ရှိရာ ရပ်ကွက်နေပြည်သူတို့အား မိမိတို့ပတ်ဝန်းကျင်း၌ ပြည်ပမှပြန်ရောက်လာသူတို့ကို အသိပေးအကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်၊ ပြန်ရောက်လာသူတို့ကလည်း အုပ်ချုပ်ရေးသို့ အသိပေး၍ ကျန်းမာရေးစစ်ဆေးမှုခံယူကာ မိမိတို့နေအိမ်၍ ၁၄ ရက်နေထိုင်ရန် အသံချဲ့စက်ဖြင့် ကြေညာလျက်ရှိသည်။
“ရောဂါပိုးတွေ့ရှိသူကို မတ် ၂၄ ရက်က ဝေဘာဂီဆေးရုံကို ပို့ထားပါပြီ။ ဒီမနက် သူတို့မိသားစုကို ဖုန်းသွားပေးတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ကြားရတယ်။ အဲဒီလမ်းကို ပိတ်ထားပြီး သွားလာမှုမရှိအောင် စောင့်ကြပ်ထားပါတယ်။ ပြည်ပက ပြန်လာသူအားလုံးကို စာရင်းပြုစုနေတာ မနေ့ကအထိ ၇၄ ဦးရှိပါပြီ။ ရပ်ကွက်က သတင်းပေးတာနဲ့ ကျန်းမာရေးဝန်ထမ်းက စစ်ဆေးပြီး အပြင်ကို ၁၄ ရက်အတွင်း မထွက်ဖို့ တိုက်တွန်းနှိုးဆော်ထားတယ်။ နေ့စဉ် တစ်ဦးချင်းစာရင်း ကောက်ယူနေပါတယ်”ဟု အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြောသည်။
အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ ကွင်းမွှေး (၃)လမ်းတွင် နေထိုင်သော အသက်(၂၆)နှစ်ရှိ ကိုစောကလူထူးသည် အင်္ဂလန်နိုင်ငံမှ မတ် ၂၁ ရက်တွင် အင်းစိန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာ တွေ့ရှိသောကြောင့် မတ် ၂၄ ရက်တွင် အင်းစိန်ဆေးရုံမှ ဝေဘာဝီဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ မိသားစု(၉)ဦးရှိပြီး ကိုစောကလူထူးနှင့် လူနာစောင့်ဖြစ်သော မိသားစုဝင် စောလီဝိကိုလည်း စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်လျက်ရှိသည်။ ယနေ့တွင် ပြည်ပမှပြန်လည်ရောက်ရှိသူ ၁၃ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စာရင်းကောက်ယူထားပြီး ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ သြစတြေးလျနိုင်ငံတို့မှ ပြန်လည်ရောက်လာသူများဖြစ်ကြောင်း သိရသည်။
“နိုင်ငံခြားကပြန်လာသူ ၁၃ ဦးကို ဒီနေ့စာရင်းကောက်ပြီးပါပြီ။ အသံကြားတာနဲ့ ဆက်ပြီးစာရင်းယူသွားမှာပါ။ နိုင်ငံခြားကပြန်လာတဲ့ ရောဂါပိုးတွေ့ရှိတဲ့လမ်းကို ပိတ်ထားပြီးတော့ အိမ်ထဲက မိသားစုကို ဖုန်းနဲ့အားပေးစကားပြောတယ်၊ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးထားတယ်။ ထူးခြားမှုက မိသားစုကိုဖုန်းသွားပေးတဲ့အခါမှာ Positive တွေ့တဲ့လူငယ် ကျန်းမာရေးကောင်းလာတယ်လို့ ကြားတယ်။ မိသားစုလည်း ကိုယ်အပူရှိန် မြင့်မားတာတော့မရှိဘူး၊ ကျန်းမာရေးဦးစီးဌာနက စစ်ဆေးပြီးသွားပါပြီ”ဟု တောင်သူကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက ပြောသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများတွင် အလှူအတန်းပြုလုပ်ခြင်း၊ တရားပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများဖြင့် လူစုလူဝေးမပြုလုပ်ရန်နှင့် ထောက်ခံမှုမပေးရန် အုပ်ချုပ်ရေးရုံးများအား မြို့နယ်များမှ ညွှန်ကြားထားပြီး ပြည်သူအား အသိပညာပေးလုပ်ငန်းများဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုကို ဆောင်ရွက်လျက်ရှိကာ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ အသိပညာပေးများဖြင့် လှုံ့ဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - သန်းစိုး
- သန်းထိုက်


