အင်းစိန်တညင်းကုန်းဈေးဟောင်း ဈေးသူဈေးသားများ ဈေးသစ်ကြီးကို ပြောင်းရွှေ့လိုခြင်းမရှိ၍ ဆန္ဒထုတ်ဖော်

ရန်ကုန်  ၂၀  ဇွန်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း ဈေးဟောင်းမှ ဈေးသူဈေးသားများက နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ပြီး ဟင်းသီးဟင်းရွက်သစ်သီးဝလံပန်းမန် တညင်းကုန်းဈေးသစ်ကြီး သို့ (လုံးဝ)မပြောင်းရွှေ့လို၍ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က တညင်းကုန်းဈေးဟောင်း ထိပ်တွင်စုရပ်လုပ်ကာ အင်အား ၅၀ဝ ခန့် နှင့် သက်ဆိုင်ရာက ခွင့်ပြုထားသည့် အောက်မင်္ဂလာဒုံလမ်းမကြီးအတိုင်း စီတန်း လမ်းလျှောက်ခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်ဈေးများဌာန ရုံးစိုက်ရာအင်းစိန်မြို့မဈေးကြီးရှေ့ထိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

တညင်းကုန်း ဈေးဟောင်းတွင် ဈေးရုံ ၁၁ ရုံ ရှိပြီး တရားဝင်မှတ်ပုံတင်ဆိုင်ခန်းပေါင်း ၁ဝ၈၇ ခန်းအပြင် တရားဝင် ပျံကျဈေးသည်ဆိုင် ခန်း ၁၆၇ ခန်းရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော်ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက ပြုလုပ်ခဲ့သော တညင်း ကုန်းဈေးနှင့် ပတ်သက်သည့်ရှင်းလင်းပွဲတွင် ဈေးရုံကိုယ်စားလှယ်များနှင့် ဈေးသူ ဈေးသားများတက်ရောက်ခဲ့သော်လည်း မြို့တော်ခန်းမတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။

''ကျွန်တော်တို့ အဲဒီနေ့က မြို့တော်ခန်းမကို သွားခဲ့ပါတယ်။ ဟိုကျတော့ သူတို့က ရုံကိုယ်စားလှယ် ၃၁ ဦးကိုပဲ ဝင်ခွင့်ပေးမယ်ပြောတယ်။ ကျွန်တော်တို့က ကိုယ်စားလှယ် တွေချည်းပဲ မဖြစ်ဘူး။ ကျွန်တော်တို့ချည်းပဲ ဆုံးဖြတ်ချက်ချလို့ မရဘူးလေ။ ဈေးသူဈေးသားတွေကိုပါ ဝင်ခွင့်ရဖို့ပြောတော့ သူတို့က ခွင့်မပြုဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း တစ်ယောက်မှ မဝင်ဘူး။  သူတို့ဟာသူတို့ အထဲမှာ တစ်ဖက်သတ် လုပ်သွားခဲ့ကြတယ်။ သူတို့ အစည်းအဝေး ပြီးဆုံးတဲ့အချိန်ထိ အပြင်မှာ မတ်တတ်ရပ် စောင့်နေခဲ့ပါတယ်။ တံခါးပိတ်အစည်း အဝေးကြီးလို ဖြစ်သွားခဲ့တာပါ။ အခု ကျွန်တော်တို့ သက်ဆိုင်လူကြီးတွေသိစေချင်လို့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ကြတာပါပဲ''ဟု မြို့တော်ခန်းမသို့ သွားရောက်ခဲ့သည့် ဈေးသည်တစ်ဦးဖြစ်သူ ဦးတင်ထွန်းက ပြောသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)