၉ အောက်တိုဘာ

 

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် အလုပ်သမားအခွင့်အရေးများကို ခြိမ်းခြောက်နေသော ဉပဒေသစ်တစ်ရပ်ကို ကန့်ကွက်ဆန္ဒပြရန် သောင်းနှင့်ချီသောလူများသည် လမ်းများပေါ်သို့ ချီတက်ခဲ့ကြသည်။

 

မြို့တော်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသမားအချို့ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။

 

အလုပ်သမားအဖွဲ့ဝင်များနှင့် ကျောင်းသားများ အပါအဝင် ဆန္ဒပြသမားများသည် မြို့တော်ဂျကာတာရှိ သမ္မတနန်းတော်နှင့်အခြားအရေးကြီးအဆောက်အဦးများအနီးတွင်  ယမန်နေ့က စုရုံးခဲ့ကြသည်။

 

ရဲတပ်ဖွဲ့က ထိုဆန္ဒပြသူများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

 

ဆန္ဒပြသမားအချို့သည် ရဲစခန်းနှင့်အခြားသော အဆောက်အအုံများကို ကျောက်တုံးကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းနှင့်မီးရှို့ခြင်းများ ပြုလုပ်ကာ အကြမ်းဖက်မှုများဖြစ်လာခဲ့သည်။

 

ဂျကာတာတွင် ဆန္ဒပြသူဦးရေ ၁၀၀၀ ခန့် ထိန်းသိမ်းထားသည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ကဆိုသည်။

 

အောက်တိုဘာ ၅ ရက်နေ့က အငြင်းပွားဖွယ်ရာ ဉပဒေကို ပါလီမန်က ပြဌာန်းခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

 

သမ္မတ ဂျိုကို ဝီဒိုဒို အစိုးရက အလုပ်သမားဆိုင်ရာ စံချိန်စံညွှန်းများကို ပြန်လည်သုံးသပ်ခြင်းဖြင့် ထိုဉပဒေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။

 

သို့ရာတွင် အလုပ်သမားအုပ်စုများက ထိုအလုပ်သမားဉပဒေသစ်ကို ဖျက်သိမ်းရန် တောင်းဆိုထားကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို