၁၃ ဇန်နဝါရီ
အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံမှုကို ဒီနေ့(ဗုဒ္ဓဟူးနေ့) တွင် ခံယူခဲ့ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကျဆင်းရေးအတွက် လူဦးရေ ၂၇၀ နီးပါး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံရေး အစီစဉ်ကို စတင်နေပြီဖြစ်ပါတယ်။
အသက် ၅၉ နှစ်အရွယ် သမ္မတ ဝီဒိုဒို ဟာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ခံယူနေပုံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။ သမ္မတနဲ့အတူ ကျန်းမာရေးဝန်ကြီးနဲ့ ထိပ်တန်း အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘာသာရေး ခေါင်းဆောင် တွေကိုပါ ရုပ်မြင်သံကြားမှာ တွေ့ရပါတယ်။
သမ္မတက ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူအပြီး ရယ်ရယ်မောမောနဲ့ တစ်စုံတစ်ရာ မခံစားရကြောင်း ပြောကြားပါတယ်။ ကာကွယ်ဆေး ဒုတိယအကြိမ်ကို သတ်မှတ်ရက်မှာ ထပ်မံထိုးနှံရမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား ဆေးဝါး စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က တရုတ်ဆေး ကုမ္ပဏီထုတ် Sinovac ကာကွယ်ဆေးအား သုံးစွဲခွင့်ကို ဒီသီတင်းပတ် အတွင်းမှာ ခွင့်ပြုခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံတွင်းမှာ Sinovac ကာကွယ်ဆေးအား စမ်းသပ်ရာတွင် ၆၅ ဒသမ ၃ ရာခိုင်နှုန်းသာ အစွမ်းထက်ကြောင်း တွေ့ရှိရ ပေမယ့် အသုံးပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမ် ဘာသာဝင် အများစု နေထိုင်တဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ ဘာသာရေး အဖွဲ့အစည်းကနေ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ဆေးဟာ အစ္စလာမ် ထုံးစံအတိုင်း နိုင်ငံသားတွေကို ကပ်ရောဂါဘေးကနေ ကာကွယ်ရန် ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ခွင့်ပြုကြောင်း ဆိုပါတယ်။
ကာကွယ်ဆေးအား ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စိုးရိမ်ရသူတွေအား ဦးစားပေး ထိုးနှံပေးသွားမှာဖြစ်ပြီး လာမယ့် ၁၅ လ အတွင်းမှာ လူဦးရေ ၁၈၂ သန်းအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာ တရုတ်ဆေး ကုမ္ပဏီထုတ် Sinovac ဆေးအပါအဝင် AstraZeneca နဲ့ Pfizer ထုတ် ကာကွယ်ဆေး ၃၃၀ သန်း ရရှိရေးကို သဘောတူညီထားပြီးကြောင်း သိရပါတယ်။
အင်ဒိုနီးရှား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၈၅၀,၀၀၀ နီးပါးမှ သေဆုံးသူ ၂၅,၀၀၀ ခန့် သေဆုံးကြောင်း နောက်ဆုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP