အင်ဒိုနီးရှားအနောက်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားရာ ၁၀ ဦးထက်မနည်းသေဆုံး

 

 

ဂျကာတာ၊ မတ် ၇

 

အင်ဒိုနီးရှားအနောက်ပိုင်း ရီယာပြည်နယ် နာဘူနာဒေသတွင် မတ်  ၆ ရက်က မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ  လူ ၁၀  ဦးထက်မနည်း  သေဆုံးခဲ့ပြီး အများအပြားပျောက်ဆုံးခဲ့ကြောင်း  ကယ်ဆယ်ရေး အရာရှိတစ်ဦးက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

 

နာတူနာဒေသတွင် သဘာဝဘေးဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာရီက ပြောကြားခဲ့သည်။

 

သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်ဂျူနိုင်နာက ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

ဆိုးရွားသည့် ရာသီဥတု အခြေအနေနှင့် ဆက်သွယ်ရေးကွန်ရက်အခြေအနေ ဆိုးရွားမှုများက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဟန့်တားနှောင့်ယှက်လျက်ရှိကြောင်း ဂျူနိုင်နာက ပြောကြားခဲ့သည်။

 

သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် နာတူနာဒေသ ရှာဖွေကယ်ဆယ်ရေးရုံးက သဘာဝဘေး ဖြစ်ပွားရာဒေသသို့ ပူးတွဲရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ထားကြောင်း အမျိုးသားရှာဖွေကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ ယူဆက်ဖ် လာတဖ်က ပြောကြားသည်။

 

အဆိုပါအဖွဲ့တွင် စစ်သားများ၊ ရဲအရာရှိများ၊ မီးသတ်သမားများနှင့် ဒေသသဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူများပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါအဖွဲ့သည် သဘာဝဘေးဖြစ်ပွားရာနေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း၊ သို့သော်လည်း ရာသီဥတုအခြေအနေက အဆိုပါနေရာသို့ရောက်ရန် အဟန့်အတား ဖြစ်နေကြောင်း လာတဖ်က ပြောသည်။

 

ဆင်ဟွာ