ဂျကာတာ ဇန်နဝါရီ ၂၆

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါပြည်နယ် ဆိုရွန်းမြို့ ကလပ်တစ်ခု၌ အုပ်စုနှစ်စုကြား ရန်ပွဲဖြစ်ပေါ်ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲအဖွဲ့က ဇန်နဝါရီ ၂၅ ရက်တွင် ပြောသည်။

 

ညကလပ်တွင် အကြမ်းဖက်မှုဖြစ်ပေါ်ပြီး မီးလောင်မှုကြောင့်လည်း ယခုလိုလူသေဆုံးမှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု ရဲကပြောသည်။ ဇန်နဝါရီ ၂၄ ရက်ညပိုင်းကအခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဒါဘယ်အိုအမည်ရှိသော ညကလပ်တွင် တစ်ဦးမှာ ဓားထိုးခံရခြင်းဖြစ်ပြီး ကျန် ၁၇ ဦးမှာ မီးလောင်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲအရာရှိဖြစ်သူ အေရီနာယိုတို ဆက်တီယာဝန်က ပြောသည်။ မီးလောင်ရခြင်းနှင့် ပတ်သက်၍ ရဲများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ညကလပ်၏ ပထမထပ်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

 

လူများကိုတတ်နိုင်သမျှ ကယ်တင်နိုင်ရေး ကြိုးပမ်းခဲ့သော်လည်း မီးငြိမ်းသွားသည့်အခါ အလောင်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိ ဆက်တီယာဝန်ကပြောသည်။

 

အေအက်ဖ်ပီ