၂၈ ဩဂုတ်
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်များကို ယမန်နေ့မှစတင်ကာ နောက်ထပ် သီတင်းပတ် နှစ်ပတ်ကြာ တိုးမြှင့်ခဲ့သည်။
ဂျာကာတာ အုပ်ချုပ်ရေးမှူး အန်နီးစ် ဘတ်ဝီဒန် က ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ သက်တမ်းတိုးမြှင့်သည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်းကို ယမန်နေ့ညနေက ၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထားသည်။
လူအချင်းချင်း ခပ်ခွာခွာ နေထိုင်မှုဆိုင်ရာ ကန့်သတ်ချက်များသည် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ အကျိုးသက်ရောက်မှုရှိမည်ဟု ၎င်းက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မြို့တော်ဂျာကာတာသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံးဒေသဖြစ်သည်။
ဂျာကာတာမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၆၀ ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၆၂၁၃ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့က နောက်ဆုံး ထုတ်ပြန်သော သတင်းအချက်အလက်အရ သိရသည်။ မြို့တော်တွင် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၁၄၆ ဦး ရှိသည်။
အင်ဒိုနီးရှား နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၁၆၂၈၈၄ ဦး ရှိပြီး သေဆုံးသူပေါင်း ၇၀၆၄ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို