ဂျကာတာ ၆ အောက်တိုဘာ
မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန်သုံးဦး ထပ်မံသေဆုံးခဲ့ပြီးနောက် လက်ရှိအချိန်အထိ အဆိုပါရောဂါကြောင့် ဆရာဝန်သေဆုံးသူပေါင်း ၁၃၀ ရှိလာကြောင်း အင်ဒိုနီးရှား ဆရာဝန်များအသင်းက ယမန်နေ့တွင် ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ယခုကဲ့သို့ ကျန်းမာရေး ဝန်ထမ်းများ ဆုံးရှုံးမှုသည် နိုင်ငံတော်အတွက်ကြီးမားသော အထိနာမှုတစ်ခုပင်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါလျှော့ချရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အာရီမူဆူမာက ပြောကြား သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည့် ဆရာဝန် ၁၃၀ အနက် ၆၇ ဦးသည် အထွေထွေရောဂါကု ဆရာဝန်များဖြစ်ပြီး ကျန်ဆရာဝန် ၆၁ ဦးသည် အထူးကု ဆရာဝန်များဖြစ်ကာ ကျန်နှစ်ဦးသည် အလုပ်တာဝန်ဖြင့် နေထိုင်သော ဆရာဝန်များဖြစ်ကြောင်း သိရသည်။
ထို့အပြင် အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါကြောင့် သူနာပြု ၉၂ ဦးလည်း သေဆုံးသွားကြောင်း အင်ဒိုနီးရှား အမျိုးသားသူနာပြုအဖွဲ့က ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၆၂ ဦး တွေ့ရှိခဲ့ရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၀၇၁၂၀ ရှိလာခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၁၀၂ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၁၁၂၅၃ ဦး ရှိလာကြောင်း သိရသည်။
သို့သော် အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၃၀၀၀ ကျော်တို့သည် ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းသွားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ