ဂျကာတာ မေ ၂၄

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘန်ကူလူပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု မေ ၂၃ ရက် နံနက်ပိုင်းက လှုပ်ခတ် ရာ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ်အချို့ ပျက်စီးဆုံးရှုံး မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဘန်ကူလူ မြို့ခံများသည် ငလျင်လှုပ်မှုကို သိသိသာသာ ခံစားခဲ့ရသည်ဟု ဘန်ကူလူပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးရေးအေဂျင်စီအတွင်းရေးမှူး ရေဇာအက်ဖရီယန်တို့က ဆင်ဟွာ သတင်းဌာနသို့ ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်နယ်၏ မြို့တော် ဘန်ကူလူမြို့တွင် နေအိမ် ၃၃ လုံး ခန့်နှင့် အဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည့်အပြင် လူပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီသည် အဆိုပါ ငလျင်ပြင်းအားကို ကနဦးတွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိသည်ဟု သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြင်းအားကို ပြန်လည်ပြင်ဆင်လျှော့ချခဲ့ခြင်း ဖြစ်သည်။ ငလျင်မှာ မေ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၅၂ မိနစ်က ဘန်ကူလူမြို့၏ အနောက်တောင်ဘက် ၄၇ ကီလိုမီတာခန့်အကွာ ပင်လယ်ကြမ်းပြင်အောက် အနက် ၈၄ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

ငလျင်လှုပ်ခတ်မှုကြောင့် လှိုင်းလုံးကြီးများ မဖြစ်ပေါ်နိုင်သည့်အတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပေ။ အင်ဒိုနီးရှားနိုင်ငံသည် ငလျင်လှုပ်ခတ်မှု အများဆုံးဖြစ်သည့် ပစိဖိတ်မီးကွင်းဒေသတွင် တည်ရှိသောကြောင့် မကြာခဏငလျင် လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။

 

ဆင်ဟွာ