ဂျကာတာ ၇ ဒီဇင်ဘာ
အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၇၅၄ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ခြင်းနှင့်အတူ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၈၁၅၅၀ ရှိလာကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်းလူနာ ၁၂၇ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၇၈၆၇ ဦးရှိလာကြောင်း သိရသည်။
သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၄၄၃၁ ဦးသည် တစ်ရက်အတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများမှ ထပ်မံပြန်ဆင်းခဲ့ကြရာ လက်ရှိအချိန်အထိ အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ပေါင်း ၄၇၉၂၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် အင်ဒိုနီးရှားနိုင်ငံရှိ ပြည်နယ်နှင့် ဒေသအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့သွားပြီး အထူးသဖြင့် မြို့တော်ဂျကာတာ၌ ၁၄၆၆ ဦး၊ အနောက်ဂျားဗား၌ ၁၁၇၁ ဦး၊ အလယ်ဂျားဗား၌ ၅၉၄ ဦး ၊ အရှေ့ဂျားဗား၌ ၅၄၅ ဦး နှင့် တောင်ဆူလာဝေဆီ၌ ၃၄၅ ဦး စသည်ဖြင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အသီးသီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့သည်။
သို့သော် ဂျမ်ဘီနှင့် ဂိုရွန်တာလိုပြည်နယ်နှစ်ခုတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်စုံတစ်ဦးမျှ မရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ