ဂျကာတာ ၅ နိုဝင်ဘာ
အင်ဒိုနီးရှားနိုင်ငံ အာချီးပြည်နယ် လန်ဆာမြို့ရှိ လန်ဆာကိုတာ၊ လန်ဆိုဘာရိုနှင့် လန်ဆာလာမာစသည့် ဒေသခွဲသုံးခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူနေအိမ် / မိသားစု ၇၂၂ စုထက်မနည်း ရေလွှမ်းမိုးထားသည်ဟု အင်ဒိုနီးရှား အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီက ယနေ့ပြောကြားသည်။
နိုဝင်ဘာ ၄ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ကရူအင်လန်ဆာမြစ်တွင် ရေလျှံမှုဖြစ်ပွားကာ အနီးအနားရှိ လူနေအိမ်အများအပြားကို လွှမ်းမိုးခဲ့ခြင်းဖြစ်သည်။
ဒေသဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့သည် ရော်ဘာလှေနှစ်စီးကို အသုံးပြု၍ ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိပြီး ၎င်းတို့အတွက် အစားအစာပံ့ပိုးပေးရန် မီးဖိုချောင်တစ်ခုကိုလည်း တည်ဆောက်ပေးထားကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒဌာန၏ ခန့်မှန်းချက်အရ အာချီးပြည်နယ်တွင် ယခုသီတင်းပတ် စနေနေ့အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့အတူ လန်ဆာမြို့တွင် ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနိုင်ဖွယ်ရှိပြီး ဒေသခံပြည်သူ ၁၂၅၀၀၀ ခန့်သည် ရေဘေးသင့်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ခန့်မှန်းထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ