ဂျကာတာ မေ ၁၂

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်တွင်   မေ ၁၁ ရက်က ဖြစ်ပွားခဲ့သည့်    ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၃၄ ဦး ရှိလာပြီး ငါးဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာအေဂျင်စီ၏ အကြီးတန်းအရာရှိ တစ်ဦးက မေ ၁၂ ရက်တွင် ပြောကြားသည်။

မေ ၁၁ ရက် ညနေပိုင်းတွင် မာရာပီမီးတောင်၏ ကုန်းစောင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တာနက်ရှ်ဒါတာနှင့် အာဂမ်ဒေသများသို့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် လျော့ပါးရေး အေဂျင်စီ အရေးပေါ်ဌာနအကြီးအကဲ ဖာဂျာဆူမာက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။

လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၃၄ ယောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်းနှင့် အနည်းဆုံးငါးဦး ပျောက်ဆုံးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိသူ ၁၆ ဦးကို အနီးနားရှိ ဆေးရုံများတွင် ကုသပေးထားကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် လျော့ပါးရေး အေဂျင်စီမှ အကြီးတန်း သတင်းအရာရှိတစ်ဦးက ပြောကြားသည်။

ပျောက်ဆုံးသူများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်စင်တာနှစ်ခု ထူထောင်ထားပြီး အစီရင်ခံစာများ ထပ်မံရောက်ရှိလျက်ရှိသည့်အတွက် ပျောက်ဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ဒေသခံ ပြည်သူများ အိပ်မောကျနေချိန်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အဆောက်အအုံအများအပြား ပျက်စီးခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်