၁၁ ဇန်နဝါရီ
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု နှစ်ကြိမ်ဖြစ်ပွားရာ လူ ၁၁ ဦး ထက်မနည်း သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံမိုးလေဝသ အာဏာပိုင်များက မိုးပိုမို ရွာသွန်းမှုနှင့် ပတ်သက်ပြီး သတိပေး ပြောကြားထားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသား သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အေဂျင်စီက အနောက်ဂျာဗားတွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီလ ၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
မြေပြိုမှု ပထမအကြိမ် ဖြစ်ပွားပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့က လူအများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေစဉ် ဒုတိယအကြိမ် မြေပြိုမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်များက ပျောက်ဆုံးနေသူများကို ရှာဖွေမှု လုပ်ဆောင်နေကြသည်။
အင်ဒိုနီးရှား နိုင်ငံတွင် ရေကြီးမှုနှင့် မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် နိုဝင်ဘာလမှ မတ်လအထိ မိုးရာသီအတွင်း ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို