ဂျကာတာ ဇူလိုင် ၁၆

 

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ဇူလိုင် ၁၆ ရက် နံနက်အစောပိုင်းက ပြင်းအား ၆ ဒသမ သုည မဂ္ဂနီကျုအဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ရာ လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမြောက်အမြားပျက်စီးခဲ့ကြောင်း သဘာဝဘေးအ္တရာယ်ဆိုင်ရာ အေဂျင်စီမှ အထက်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

နောက်ဆုံးရရှိသော သတင်းများအရ ဘာလီကျွန်းရှိ ဘာဒေါင်းဒေသတွင် လူငါးဦးနှင့် ဂျန်ဘဂျာနာဒေသတွင် လူနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အားလုံးမှာ ဘာလီကျွန်းသားများဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ လုပ်ငန်းဆိုင်ရာဌာနအကြီးအကဲက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

 

မြေငလျင်လှုပ်နေစဉ်အတွင်း နိုင်ငံခြားသား ခရီးသွားများသည် ဟိုတယ်များအတွင်းမှ အလျင်အမြန် ထွက်ခွာကြ ပြီး ပြည်သူများမှာလည်း နေအိမ်အဆောက်အအုံများ ပြင်ပသို့ ထွက်လာကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ယင်းမြေငလျင်လှုပ်မှုအတွင်း ဝတ်ကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံနှင့် ဈေးဆိုင်တစ်ဆိုင်အပါအဝင် အဆောက်အအုံ ၄၄ လုံး ပျက်စီးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ဘာလီကျွန်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာမူ မြေငလျင်လှုပ်မှုကြောင့် အနှောင့်အယှက်ဖြစ်ပွားမှုမရှိဘဲ ဘာလီကျွန်းရှိ နေ့စဉ်လုပ်ဆောင်မှုလုပ်ငန်းများမှာ နောက်ပိုင်းတွင် ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

ယင်းမြေငလျင်လှုပ်ခတ်မှုကို ဘာလီကျွန်းအနီးရှိ အရှေ့ဂျာဗားကျွန်း၌လည်း ခံစားရပြီး အဆောက်အအုံ ၁၃ လုံး ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ အေးဂူစ်ဝီဘိုကိုက ပြောကြားသည်။ အဆိုပါငလျင်သည် ဂျကာတာစံတော်ချိန် ဇူလိုင် ၁၆ ရက် နံနက် ၇ နာရီ ၁၈ မိနစ်တွင် လှုပ်ခဲ့ခြင်းဖြစ်ပြီး ငလျင်၏ဗဟိုချက်မှာ နျူဆာဒူဝါကျွန်း၏ အနောက်တောင်ဘက် ၈၃ ကီလိုမီတာအကွာရှိ ပင်လယ်ကြမ်းပြင်အောက် အနက် ၆၈ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား မိုးလေဝသနှင့် ဘူမိဗေဒအေဂျင်စီ၏အကြီးအကဲ ဝါယူကီမီရာဝန်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

 

ဆင်ဟွာ