ဇန်နဝါရီ ၂၁

အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းရှိကျေးရွာတစ်ရွာတွင်ယမန်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ဆောက်လုပ်ရေး အလုပ်သမားငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသန္တရမီဒီယာအား ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် ဘာလီပြည်နယ်မြို့တော် ဒီပါဆာ၏ အူဘန်ကာဂျာကျေးရွာရှိ ၎င်းတို့နေထိုင်ရာနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးဖော်ပြထားသည်။ အခြားအလုပ်သမားသုံးဦးမှာ အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကယ်ဆယ်ရေးသမားများက မြေတူးစက်ဖြင့် မြေပြိုမှုဖြစ်ပွားရာနေရာ မီတာ ၅၀ အနက်တူးဖော်ကာ သေဆုံးသူများ၏ရုပ်အလောင်းများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲက ပြောကြားသည်။

မြေပြိုမှုဖြစ်ပွားသည့် အဓိကအကြောင်းအရင်းကို မသိရှိရသေးသော်လည်း ယင်းဒေသတွင် ဇန်နဝါရီ ၁၉ ရက်က မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ပြည်သူများအနေဖြင့် မိုးရာသီကာလအတွင်း သတိဖြင့်နေထိုင်ကြရန် ၎င်းကတိုက်တွန်းပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို