ဂျကာတာ ဇန်နဝါရီ ၁၃

 

အင်ဒိုနီးရှားနိုင်ငံအား BRICS အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ခုလုံးအတွက် ရလာဒ်‌ကောင်းများ ဖြစ်လာစေလိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယူနိုက ပြောကြားခဲ့သည်။

 

ယခုနှစ် BRICS အဖွဲ့၏ အလှည့်ကျသဘာပတိအဖြစ် ဘရာဇီးနိုင်ငံက တာဝန်ယူဆောင်ရွက်ပြီးနောက် အင်ဒိုနီးရှား နိုင်ငံအား BRICS အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း မကြာသေးမီက ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံအား BRICS အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ သံတမန်ရေးရာ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့်ဖြစ်ကြောင်း ဆူဂျီယူနိုက ထပ်လောင်းပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံသည် BRICSအဖွဲ့ဝင် နိုင်ငံတစ်ခုအနေဖြင့် အာရှ-ပစိဖိတ် ဒေသအတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို ကူညီဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

 

ကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ