နိုဝင်ဘာ ၂၇
အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမားတြားပြည်နယ်တွင် နိုဝင်ဘာ ၂၃ ရက်နေ့က ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၂၀ ရှိလာကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ (ဘီအင်န်ပီဘီ)က ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူများတွင် ယနေ့အထိ ကာရိုဒေသမှ ၁၀ ဦး၊ ဒေလီဆာဒန်ဒေသမှ လေးဦး၊ ပါဒန်လာဝတ်ဒေသမှ လေးဦးနှင့် တောင်ပိုင်း တာပန်နူလီဒေသမှ နှစ်ဦးတို့ပါဝင်ကြောင်း ဘီအင်န်ပီဘီအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အဘဒူလ်မူဟာရီက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
ဒေလီဆာဒန်ဒေသတွင် ရေကြီးရေလျှံမှုများ၊ ကာရိုဒေသတွင် မြေပြိုမှုများဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများနှင့် ဝတ်ပြုဆုတောင်းရာနေရာများနှင့်အတူ နေအိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။
အာဏာပိုင်များက ဒေလီဆာဒန်ဒေသရှိ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေနေဆဲဖြစ်သည်ဟုသိရသည်။ ထိုအေဂျင်စီက မိုးရာသီကာလသည် လာမည့်နှစ်အထိဆက်လက်တည်ရှိနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် ဒေသခံများအား တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို