မတ် ၄

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင်  ပြင်းအား ၆ ဒသမ ၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဒေသခံများ တုန်လှုပ်ချောက်ချားခဲ့ကြသော်လည်း ကြီးမားသော ပျက်စီးဆုံးရှုံးမှု မရှိကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန၏ ပြောကြားချက်အရ သိရသည်။

အဆိုပါငလျင်သည် ဆူမားတြား၏ အရှေ့မြောက်ဘက်အစွန်အဖျားမှ ကမ်းလွန်တွင် စတင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အားပြင်းငလျင်လှုပ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသော ဒေသတွင် လူများ အပြင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုပြင်းထန်သော်လည်း လှုပ်ခတ်မှုဖြစ်ပွားချိန်အတော်လေးတိုတောင်းတာကြောင့် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားကြောင်း မြောက်ဘက်အစွန်ဆုံး အာချေးပြည်နယ် ကမ်းရိုးတန်းမြို့ငယ်လေး ဆီနာဘန်ရှိ အသက် ၅၀ အရွယ် အာမာဒီက တယ်လီဖုန်းဖြင့် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ကိုးကား အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို