မြန်လင်းမောင်
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ အကြီးဆုံးအမျိုးသားဥယျာဉ်တစ်ခုဖြစ်သည့် ကာရင်ချီ ဆက်ဘလက် အမျိုးသားဥယျာဉ်အတွင်းသို့ အသက်သုံးနှစ်အရွယ်ရှိ ကျားနှစ်ကောင်ကို ဇွန်လဒုတိယ ပတ်အတွင်းက ပြန်လွှတ်ပေးခဲ့ကြောင်း မြောက်ဆူမားတြားအမျိုးသား သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးစင်တာမှ ထုတ်ပြန်သည်။
မျိုးရိုးဗီဇကို လျော့ကျစေနိုင်သည့် မျိုးပွားမှုကို ရှောင်ရှားနိုင်ရန်အတွက် စီထရာ ကာတီနီဟုခေါ်သည့် ကျားမတစ်ကောင်နှင့် ဆူရာမန် ဂါလာဟုခေါ်သည့် ကျားထီးတစ်ကောင်ကို အမျိုးသားဥယျာဉ်အတွင်း မတူညီသည့် နေရာတစ်ခုစီ၌ ပြန်လွှတ်ပေးခဲ့ကြောင်း မြောက်ဆူမားတြား အမျိုးသားသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစင်တာမှ ခေတ္တခေါင်းဆောင်ဖြစ်သူ အာဇဲအာဇာက ပြောကြားသည်။
ဆူမားတြားကျား ၉၇ ကောင် ကျင်လည်ကျက်စားလျက်ရှိ
သဘာဝတောအတွင်း ၎င်းတို့၏ ကျင်လည်ကျက်စားမှုများကိုလည်း လေ့လာနိုင်ရန်အတွက် ဂျီပီအက်စ်များကို တပ်ဆင်စောင့်ကြည့်လျက်ရှိပြီး အဆိုပါကျားနှစ်ကောင်သည် ယင်းတို့၏ နေရင်းဒေသအတွင်း သဘာဝအတိုင်း လိုက်လျောညီထွေ ကျင်လည်ကျက်စား မျိုးပွားနိုင်မည်ဖြစ်သည်။ ကင်မရာထောင်ချောက်များဖြင့် လေ့လာမှုများအရ ကာရင်ချီဆက်ဘလက် အမျိုးသားဥယျာဉ်အတွင်း၌ စီထရာနှင့် ဆူရာအပါအဝင် ဆူမားတြားကျား ၉၇ ကောင် ကျင်လည်ကျက်စားလျက် ရှိသည်။
မျိုးသုန်းရန် အန္တရာယ်ရှိသော မျိုးစိတ်
ကျားများကို မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် IUCN က ထုတ်ပြန်ထားပြီး ၂၀၁၉ ခုနှစ်အထိ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သဘာဝကျားကောင်ရေ ၄၀၀၀ အောက်သာ ကျန်ရှိတော့သည်။ အရှေ့ တောင်အာရှအနေဖြင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်းက သဘာဝကျားကောင်ရေ တစ်ဟုန်ထိုး ကျဆင်းမှုနှင့်အတူ ကျားများ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ IUCN ၏ ၂၀၁၄ ခုနှစ်က ဆောင်ရွက်ခဲ့သော နောက်ဆုံးစစ်တမ်းအရ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံတို့တွင် ကျားများမျိုးသုဉ်းသွားနိုင်ခြေရှိသည်ဟု ဖော်ပြထားသည်။
ကိုးကား - Xinhua : 2 tigers released into wild in Indonesia's Sumatra.