ဂျကာတာ၊ စက်တင်ဘာ  ၂၉

 

အင်ဒိုနီးရှားနိုင်ငံ   အနောက်ဆူမားတြားပြည်နယ် ဆွတ်ခရိုင်ရှိ  တရားမဝင် ရွှေတွင်းတစ်ခု၌ မြေပြိုမှုကြောင့် စက်တင်ဘာ ၂၈ ရက်က မိုင်းလုပ်သား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့    ဆင်ဟွာသတင်းတစ်ရပ် အရသိရသည်။

 

စက်တင်ဘာ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပွားခဲ့သည့် မြေပြိုမှုသည် ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆိုးရွားစွာ နှောင့်နှေးစေခဲ့ကြောင်း အကြီးတန်းကယ်ဆယ်ရေးသမားတစ်ဦးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

 

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ အကြီးအကဲ အဗ္ဗဒူလ်မာလစ်က ပျောက်ဆုံးနေသည့် မိုင်းတွင်း လုပ်သားနှစ်ဦးကို ရှာဖွေရန်ကြိုးပမ်းမှုများ လုပ်ဆောင်နေ သော်လည်း ၎င်းတို့၏အခြေအနေ မသိရသေးကြောင်း ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။ နောက်ဆုံး ရရှိထားသည့် သတင်းအချက်အလက်များအရ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၁၁ ဦးသည် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

 

ပိတ်မိနေသော မိုင်းတွင်းလုပ်သားများ၏ အခြေအနေနှင့် စပ်လျဉ်း၍ အသက်ရှင်သန်ခြင်းရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း အဗ္ဗဒူလ်မာလစ်က ပြောကြားသည်။ သို့ရာတွင် ၎င်းအနေဖြင့် အကောင်းဆုံးကို မျှော်လင့်လျက်ရှိပြီး အသက်ရှင်နေစေရေး ဆုတောင်းပေးလျက် ရှိကြောင်း ပြောကြားသည်။

 

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွင် ဒေသဆိုင်ရာကယ်ဆယ်ရေး ရုံးမှ ၂၉ ဦးနှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရပ်ရွာလူထုများပါဝင်သော ပူးပေါင်းအဖွဲ့မှ လူ ၂၀၀ ကျော် အပါအဝင် လူ ၂၂၉ ဦး ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်