ဇန်နဝါရီ ၅

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းပြည်နယ် မြောက်ဆူလာဝေစီရှိ လူနေရပ်ကွက်များတွင် ရုတ်တရက်ရေကြီးမှုများကြောင့် လူခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် Sitaro Islands ဒေသ၊ East Siau တွင် ရေကြီးမှုများဖြစ်ပွားခဲ့ကြောင်း သတင်းများအရ သိရသည်။

အဆိုပါရေကြီးမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံလေးဦးပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း Sitaro Islands ဒေသအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ရေဘေးသင့်သောရပ်ကွက်များမှ ဒေသခံများကို ဘေးကင်းရာနေရာများသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ကနဦးအချက်အလက်များအရ မိသားစု ၃၅ စု၊ စုစုပေါင်းလူ ၁၀၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ငါးလုံးလည်း ရေတိုက်စားခံခဲ့ရပြီး East Siau နှင့် South East Siau ခရိုင်ခွဲများအကြား လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။

မိုးရာသီတွင် အင်ဒိုနီးရှားနိုင်ငံသည် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကို မကြာခဏကြုံတွေ့ရလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို