အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ကို ဘော်နီယိုကျွန်းသို့ ပြောင်းရွှေ့မည်

ဂျကာတာ ၂၇ ဩဂုတ် 


အင်ဒိုနီးရှားနိုင်ငံမြို့တော်ကို ဂျာဗားကျွန်းမှ ဘော်နီယိုကျွန်းသို့ ပြောင်းရွှေ့မည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ဩဂုတ် ၂၆ ရက်တွင် ပြောကြားသည်။ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဂျကာတာမြို့သည် လူဦးရေ အလွန်အမင်းထူထပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သတင်းများအရ သိရသည်။


အရှေ့ကာလီမန်တန်ပြည်နယ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်ကို တည်ဆောက်သွားမည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။


ယင်းဒေသ၌ မြို့တော်သစ်တည်ဆောက်ရန် ရွေးချယ်ခဲ့ရခြင်းမှာ မြေငလျင်ဘေးဒဏ်နှင့် ရေလွှမ်းမိုးမှုများအပါအဝင် အခြားသော သဘာဝ ဘေးအန္တရာယ်များခံစားမှု အနည်းပါးဆုံးဖြစ်ခြင်းနှင့် မြို့တော်သစ် တည်ဆောက်မည့် နေရာအနီးဝန်းကျင်၌ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးပြီး ဖြစ်သည့် မြို့ကြီးများတည်ရှိနေခြင်းကြောင့်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြား သည်။ အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိမြို့တော် ဂျကာတာတွင် မှီတင်းနေထိုင်သူ ဦးရေ သန်း ၃၀ ကျော်ရှိနေပြီး မော်တော်ယာဉ်များ ယာဉ်ကြော ကျပ်တည်းမှုနှင့် လူထူထပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။


မြို့တော် ဂျကာတာတွင် မြေအောက်ရေ အလွန်အမင်း လျော့ပါးလာခြင်းကြောင့် မြို့တော်၏မြေမျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်နှင့်အညီ ဖြစ်လာနိုင်သည့်အတွက် ဘေးအန္တရာယ် ကျရောက်နိုင်ဖွယ် ရှိလာသည်။ ကမ္ဘာပေါ်တွင် မြေကျွံမှု အလျင်မြန်ဆုံးသော မြို့များထဲတွင် မြို့တော်ဂျကာတာမှာ တစ်မြို့အပါအဝင် ဖြစ်သည်။


မြို့တော်ဂျကာတာတွင် အင်ဒိုနီးရှားအစိုးရ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ အေဂျင်စီများနှင့် နိုင်ငံရပ်ခြားမှ လာရောက်အခြေပြုထားသည့် ကုမ္ပဏီများမှာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။


အင်ဒိုနီးရှား လွှတ်တော်မှ မြို့တော်သစ် တည်ဆောက်ရေးအတွက် ခွင့်ပြုချက် ရပြီးနောက်တွင် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းခန့်တွင် မြို့တော်သစ် တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန်စီစဉ်ထားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားသည်။ မြို့တော်သစ်သို့ ပြောင်းရွှေ့ခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ်တွင် စတင်နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။


ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- ဇော်ဝင်း