ဂျကာတာ ဇန်နဝါရီ ၁၉
အင်ဒိုနီးရှားနိုင်ငံသည် ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးရေးအတွက် ဆေးရုံသင်္ဘောတစ်စင်းကို ယမန်နေ့က စေလွှတ်ခဲ့ကြောင်းသိရသည်။
ဂါဇာဒေသ၌ ပြီးခဲ့သည့် အောက်တိုဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့် ဟားမတ်စ် ပဋိပက္ခကြောင့် လူပေါင်း ၂၄၀၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူပေါင်း ၆၁၀၀၀ ကျော် ရှိခဲ့သည်။
အင်ဒိုနီးရှား ဆေးရုံသင်္ဘောပေါ်တွင် သင်္ဘောသား ၂၀၀ ကျော်နှင့်အတူ ဆေးဝါးများ၊ စောင်များ၊ အဝတ်များ၊ နို့ထွက်ပစ္စည်းများ၊ ဘီစကွတ်များ၊ သောက်သုံးရေနှင့် ခေါက်ဆွဲခြောက်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပါရှိကြောင်း သိရသည်။
သင်္ဘောကို ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အီဂျစ်နိုင်ငံ အယ်လ်အာရစ်ရှ်မြို့သို့ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးမည် ဖြစ်သည်။
သင်္ဘောထွက်ခွာပြီး ၅၂ ရက်အကြာတွင် ဂျကာတာသို့ပြန်လာမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ရည်မှန်းထားသည်။
အဆိုပါကူညီထောက်ပံ့မှုသည် အစ္စရေးတပ်ဖွဲ့၏ ထိုးစစ်များကို ခုခံကာကွယ်ရန် ကြိုးပမ်းရာတွင် ပါလက်စတိုင်းတို့အား အင်ဒိုနီးရှားနိုင်ငံက ထောက်ခံကြောင်း သက်သေပြသခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝူ ဆူဘီရန်တိုက မြို့တော်ဂျကာတာရှိ ဆိပ်ကမ်းတစ်ခု၌ ဆေးရုံသင်္ဘောစေလွှတ်ခြင်း အခမ်းအနားတွင် ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်