ဇွန် ၂၅
အင်ဒိုနီးရှားနိုင်ငံ ရီရာကျွန်းစုပြည်နယ်ရှိ ဘာတမ်ကျွန်းတွင် သင်္ဘောကျင်းတစ်ခု၌ ဆိုက်ကပ်ထားသော စားအုန်းဆီတင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး အခြားငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသမီဒီယာက ယနေ့တွင်ဖော်ပြထားသည်။
အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ဘတ်အာဂျီဒေသရှိ ပီတီအေအက်စ်သင်္ဘောကျင်းတွင် ပြင်ဆင်ရေးလုပ်ဆောင်နေသည့် ဖက်ဒရယ်တူးသင်္ဘောပေါ်တွင်အလုပ်လုပ်နေသောနည်းပညာရှင်များဖြစ်သည်ဟု သိရသည်။
ထိုသင်္ဘောသည် ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်ရန်ဆိုက်ကပ်ထားစဉ် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းမတော်တဆမှုတွင် ၉ ဦး ပါဝင်ကြောင်း အတည်ပြုခဲ့ပြီး လေးဦးသေဆုံး၊ ငါးဦးအသက်ရှင်ကြောင်း ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။
၎င်းမီးလောင်မှုအား ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို