ဂျကာတာ   ဖေဖော်ဝါရီ   ၁၁

 

အင်ဒိုနီးရှားနိုင်ငံ  အရှေ့ဂျာဗားပြည်နယ်ရှိ  ဆီမီရူမီးတောင်သည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားခဲ့ပြီး မီးတောင်ပြာများမှာ မီးတောင်ထိပ်ဝအထက် မီတာ ၁၀၀၀ အထိ မြင့်တက်ပျံ့နှံ့ခဲ့ကြောင်း    မီးတောင်ဗေဒနှင့်    ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်လျော့ပါးရေးဌာန၏  ထုတ်ပြန်ချက်အရ သိရသည်။

 

ပထမအကြိမ်   မီးတောင်ပေါက်ကွဲမှုမှာ   ဒေသ  စံတော်ချိန် နံနက် ၁၂ နာရီ ၂၈ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ဆီမီရူမီးတောင် စောင့်ကြည့်ရေးဌာနမှ    အရာရှိလစ်ဝမ်တိုက ပြောသည်။ အပြင်းထန်ဆုံး ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၆ မိနစ်တွင် ဖြစ်ကြောင်း၊ ငါးကြိမ်မြောက် ပေါက်ကွဲမှု မှာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၆ မိနစ်တွင်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ဆီမီရူမီးတောင်ကို အဆင့် (၃) သတိပေးချက် အဖြစ် ဆက်လက်သတ်မှတ်ထားကြောင်းနှင့် ယင်းမှာ အင်ဒိုနီးရှားနိုင်ငံ၏ အဆင့် (၄) ဆင့်ရှိသော မီးတောင် သတိပေးချက်စနစ်တွင်    ဒုတိယအမြင့်ဆုံးအဆင့် ဖြစ်ကြောင်း သိရသည်။

       

ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၇၆ မီတာ အမြင့်တွင်    တည်ရှိသော    ဆီမီရူမီးတောင်သည် ဂျာဗားကျွန်းပေါ်တွင်   အမြင့်ဆုံး  မီးတောင်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၌ သက်ဝင်လှုပ်ရှားဆုံး မီးတောင်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံသည်       ပစိဖိတ်မီးကွင်း တစ်လျှောက်တွင်    တည်ရှိသည့်     နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး   သက်ဝင်လှုပ်ရှားသော   မီးတောင်ပေါင်း ၁၃၀ နီးပါးရှိကြောင်း သိရသည်။            

 

ဆင်ဟွာ