ဂျကာတာ   မတ်   ၉

အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို  ကာကွယ်သည့်အနေဖြင့် ဇီဝလောင်စာဆီသုံးစွဲမှုမြှင့်တင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စွမ်းအင်နှင့် သတ္တု သယံဇာတဝန်ကြီး ဗာဟာ လာဟာဒီယာ က မတ် ၉ ရက်တွင် ပြောကြားသည်။

နိုင်ငံအတွင်း လောင်စာဆီဆိုင်ရာ ကုန်ကျစရိတ်သက်သာစေရေးအတွက်  ဇီဝလောင်စာဆီနှင့် သာမန်လောင်စာဆီများကို ရောစပ်သုံးစွဲမည်ဖြစ်သည်။ ယင်းဆောင်ရွက်ချက်ကြောင့်  လောင်စာဆီများကို ပြည်ပမှ တင်သွင်းရခြင်းကို လျှော့ချနိုင်မည်ဟု ၎င်းကပြောကြားသည်။ အစိုးရအနေဖြင့် စာအုန်းဆီအခြေခံထုတ်လုပ်သည့်  ဇီဝလောင်စာဆီနှင့်  ဒီဇယ်ဆီတို့ကို ပေါင်းစပ်ထုတ်လုပ်သည့် ဘီ ၅၀ အမည်ရှိ ဇီဝလောင်စာဆီသုံးစွဲရေးကို   အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်သည်။

 အစိုးရအနေဖြင့် လက်ရှိအချိန်တွင် အမျိုးသားစွမ်းအင်ထောက်ပံ့ရေးလုပ်ငန်းကို ထိန်းသိမ်းနိုင်ရန်အတွက်    အကောင်းဆုံးနည်းလမ်းများကို   ရှာဖွေနေကြောင်းနှင့် နည်းလမ်းများသည်   သန့်ရှင်းသည့် လောင်စာဆီသုံးစွဲမှုမြှင့်တင်ရေးကို အကူအညီပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ