ဇန်နဝါရီ ၁၆

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ် တီဂေါမြို့ရှိ ကာရာအိုကေဆိုင်တွင် ယမန်နေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ခြောက်ဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိကြောင်း ယင်းမြို့ရှိရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါမီးလောင်မှုသည် ဒေသစံတော်ချိန် မနက် ၈ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုမီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကားနှစ်စီး၊ ကရိန်းထရပ်ကားတစ်စီးနှင့် မီးသတ်သမားများကို စေလွှတ်ခဲ့ကြောင်း တီဂေါမြို့ရဲတပ်ဖွဲ့အကြီးအကဲ သောမတ်က ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု သောမတ်ကဆိုသည်။

ထိုမီးလောင်မှုဖြစ်ပွားရာနေရာမှဘေးလွတ်ရာသို့ထွက်ပြေးလွတ်မြောက်သူ ၁၅ ဦးရှိကြောင်းနှင့် ၎င်းတို့ကိုနီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာအေဂျင်စီအကြီးအကဲ အဘီဒင်က ပြောကြားသည်။ အဆိပ်ငွေ့ရှုရှိုက်မိခြင်းကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူကိုးဦးသည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို