မေ ၁၄

အင်ဒိုနီးရှားနိုင်ငံ၏အနောက်ဆူမားတြားပြည်နယ်တွင် ချော်ရည်အေးများစီးကျမှုကြောင့် နေအိမ်များ၊ အဆောက်အအုံများပျက်စီးခဲ့ပြီးနောက် ၁၇ ဦး ပျောက်ဆုံးနေပြီး သေဆုံးသူ ၅၂ ဦး ရှိလာကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် စက်ကြီးများအကူအညီဖြင့် ပျောက်ဆုံးနေသူများအား ရှာဖွေခြင်းလုပ်ငန်းကို ယနေ့တွင် ပြန်လည်စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လျော့ပါးသက်သာစေရေး အေဂျင်စီ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဌာနအကြီးအကဲ ဝါဟတ်က ပြောကြားသည်။ ဆက်လက်၍အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအစီအစဉ်ဖြင့် လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။ အဆိုပါသဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် လူပေါင်း ၃၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးရပြီး ဘေးလွတ်သောနေရာများတွင် ခိုလှုံနေထိုင်နေကြသည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးရေးအေဂျင်စီ အကြီးအကဲက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို