မတ် ၂၄
အင်ဒိုနီးရှားနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် နိုင်ငံတကာခရီးသွားများအား ကွာရန်တင်း နေထိုင်ရန်မလိုအပ်တော့ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတကာခရီးသွားများအနေဖြင့် ယခုအခါတွင် ကိုဗစ်ရောဂါကူးစက်မှုမရှိကြောင်း ပီစီအာ စမ်းသပ်စစ်ဆေးချက် လက်မှတ် ပြသရန်သာလျှင် လိုအပ်တော့သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။
အဆိုပါ ကိုဗစ်ကူးစက်မှုမရှိကြောင်း ပီစီအာစစ်ဆေးချက် ရလဒ်ရှိပါက ၎င်းတို့အနေဖြင့် လေဆိပ်အပြင်သို့ ချက်ချင်းထွက်ခွာနိုင်ပြီးလုပ်ငန်းဆောင်တာများ ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထိုထုတ်ပြန် ကြေညာချက်တွင် ဂျိုကိုက ပြောကြားထားသည်။
ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ပြည်ပကူးစက်မှုအရေအတွက်သည် ပြည်တွင်းကူးစက်မှုထက် အတော်လေးလျော့နည်းလာသဖြင့် ဆိုက်ရောက်လာသောခရီးသွားများအား ကွာရန်တင်းနေထိုင်ရန် မလိုအပ်တော့ကြောင်းကို လွှတ်တော်တွင် အစောပိုင်းက ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအရေအတွက် ကျဆင်းလာလျက်ရှိသည်။ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၃၇၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၅ ဒသမ ၉၈ သန်းအထိ ရှိလာသည်။ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၁၅၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၅၄၂၂၁ ဦး အထိ မြင့်တက်လာသည်။
အင်ဒိုနီးရှားအစိုးရက ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များအား အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံလူဦးရေ၏ ၁၉၅ ဒသမ ၂၂ သန်းသည် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီးသူ ၁၅၆ ဒသမ ၁၃ သန်းရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို