ဇူလိုင် ၈

အင်ဒိုနီးရှားနိုင်ငံ ဂိုရွန်တာလိုပြည်နယ်ရှိ ရွှေတွင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၁၁ ဦးရှိလာပြီး အခြား ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီမှအဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။

မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၆ ရက်နေ့ သန်းခေါင်ယံအချိန်တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ရွှေတွင်းစခန်းများထိခိုက်မှုရှိကြောင်း ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ပြောကြားသည်။ သဘာဝဘေးအန္တရာယ်အေဂျင်စီအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးရုံးအဖွဲ့ဝင်များ ၁၈၀ ခန့်ပါဝင်ကာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ထိုရွှေတွင်းနေရာသည် ဝေးလံသောနေရာတွင်ရှိပြီး တံတားများကျိုးပျက်နေသဖြင့် ယာဉ်များသွားလာ၍မရသောကြောင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် နှောင့်နှေးမှုများရှိခဲ့ကြောင်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက ယနေ့တွင် ပြောကြားသည်။ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် နေအိမ်အလုံးပေါင်း ၂၈၈ လုံးနှင့် ဒေသခံ ၁၀၂၉ ဦးထက်မနည်းလည်း ရေဘေးသင့်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို