ဇန်နဝါရီ ၉
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဆူဘန်ဒေသတွင် ဇန်နဝါရီ ၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး ရွာသူရွာသားအယောက် ၈၀ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ ဘီအင်န်ပီဘီက ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါမြေပြိုမှုဖြစ်ပွားခြင်းကြောင့် ၁၁ ဦး ဒဏ်ရာရရှိခဲ့ရာ ဆေးရုံအသီးသီးတွင်ကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာသဖြင့် နေအိမ်များသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မြေပြိုမှုကြောင့် အဆောက်အဦများ၊ ငါးကန်များနှင့် စပါးခင်းများ ပျက်စီးသွားခဲ့သည်။ မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီက ဆူဘန်ဒေသတွင် ယနေ့ မိုးပိုမိုရွာသွန်းဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့နိုင်သဖြင့် သတိဖြင့်နေထိုင်ကြရန် ဘီအင်န်ပီဘီက ပြောကြား ထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီကာလအတွင်း ရေကြီးမှုနှင့် မြေပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို