အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ ကိုးဦးပျောက်ဆုံးလျက်ရှိ

မတ် ၂၅

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် အခြားကိုးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။ အဆိုပါမြေပြိုမှုသည် အနောက်ဘန်ဒန်ဒေသ စီဘန်းဒါကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းမြေပြိုမှုတွင် ယနေ့မနက်စောပိုင်းက အမျိုးသမီးတစ်ဦးသေဆုံးနေသည်ကို ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့သည်ဟု သိရသည်။ နေအိမ်ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့သဖြင့် ရွာသား ၄၀၀ ခန့်သည် ယာယီခိုလှုံရေးစခန်းများသို့ သွားရောက်ခိုလှုံခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီကာလအတွင်း ရေကြီးမှုနှင့် မြေပြိုမှု ကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို