ဂျကာတာ ဇွန် ၁၈
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ဘာလီအပန်းဖြေကျွန်း သို့ အဝင်/အထွက် လေယာဉ်ခရီးစဉ် နှစ်ဒါဇင်ကျော် ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။ ဒေသအာဏာပိုင်များသည် သတိပေးအဆင့်ကို အမြင့်ဆုံးအထိ တိုးမြှင့်ပြီး မြစ်များအတွင်း မီးတောင်ရွှံ့နွံစီးဆင်းမှုအန္တရာယ်ကို သတိပေးထားသည်။
အင်ဒိုနီးရှားနိုင်ငံ မီးတောင်လေ့လာစောင့်ကြည့်ရေးအေဂျင်စီက ဖလောရက်စ်ကျွန်းပေါ်ရှိ လီဝါတိုဘီ လာကီ-လာကီမီးတောင်သည် ဇွန် ၁၇ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် ပြာပူများ ၁၀ ကီလို မီတာအမြင့်အထိ ပန်းထုတ်ခဲ့ကြောင်း ပြောသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး အစီရင်ခံဖော်ပြခြင်းမရှိသော်လည်း လမ်းများပေါ်တွင် ပြာနှင့် ကျောက်စရစ်ခဲအများအပြား ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။
ဘာလီအပန်းဖြေကျွန်းသို့ ပြည်တွင်း ပြည်ပ လေယာဉ်ခရီးစဉ် အဝင်/ အထွက် ၃၀ ကျော်ကို ဇွန် ၁၈ ရက်တွင် ဖျက်သိမ်းလိုက်ရကြောင်း လေဆိပ်အော်ပရေတာ၏ ထုတ်ပြန်ချက်အရ သိရသည်။
လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှုကြောင့် စင်ကာပူ၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့ အများဆုံး သက်ရောက်မှုရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ