အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ပြာမှုန်များ မီတာ ၁၂၀၀ အမြင့်သို့ဖြာထွက်

ဒီဇင်ဘာ ၈

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း မြောက်မာလူကူပြည်နယ် ဟယ်မာဟီရာကျွန်းပေါ်ရှိ အီဘူမီးတောင်သည် ဒေသစံတော်ချိန် ယမန်နေ့မနက် ၁၁ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန် စက္ကန့် ၉၀ ခန့်ကြာမြင့်ခဲ့ပြီး မီတာ ၁၂၀၀ အမြင့်သို့ မီးတောင်ပြာများဖြာထွက်ခဲ့ကြောင်း မီးတောင်နှင့်ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်လျော့ပါးရေးစင်တာက ပြောကြားသည်။

မီးတောင်ပြာမှုန်များသည်သိပ်သည်းဆများပြားပြီး မီးခိုးရောင်ဖြစ်ကာ အရှေ့တောင်ဘက်သို့ဦးတည်ဖြာထွက်သွားကြောင်း ထိုမီးတောင်စောင့်ကြည့်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၃၀၀ ခန့်အထက်တွင်ရှိပြီး ဒုတိယအန္တရာယ်ရှိအဆင့် အမျိုးအစားမီးတောင်ဖြစ်သည်ဟု သိရသည်။

ထိုမီးတောင်သည် ယခုနှစ်အစပိုင်းမှစတင်ကာ မီးတောင်ပေါက်ကွဲမှု အကြိမ် ၆၀ ဖြစ်ပွားခဲ့သည်ဟု ၎င်းစင်တာကဆိုသည်။

နိုင်ငံသားများအနေဖြင့် မီးတောင်ပြာမှုန်များလွင့်စင်ကျရောက်နေချိန်တွင် အပြင်သို့သွားလာပါက နှာခေါင်း၊ ပါးစပ်နှင့် မျက်စိအကာအကွယ်များဝတ်ဆင်ကြရန် အကြံပြုပြောကြားထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာတစ်ဝန်း မီးတောင်အများစုရှိသောနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို