မတ် ၁၃

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း တောင်ဆူလာဝေစီပြည်နယ်ရေပြင်တွင် ငါးဖမ်းသင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ငါးဖမ်းသမားနှစ်ဦးသေဆုံးပြီး အခြား ၂၄ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။ အဆိုပါသင်္ဘောသည် မတ်လ ၉ ရက်က ယင်းပြည်နယ် Selayar ကျွန်းရေပြင်တွင် ရွက်လွှင့်ခုတ်မောင်းနေစဉ် လှိုင်းလုံးကြီးများဖြင့်တိုက်မိခဲ့သော်လည်း ၎င်းသင်္ဘောသောင်တင်နေသည်ကို ကျွန်းပေါ်ရှိဒေသခံများက ယမန်နေ့ကဒေသစံတော်ချိန်ည ၇ နာရီအချိန်တွင် တွေ့ရှိခဲ့သည်ဟု ပြည်နယ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးရှိ သတင်းဌာနတာဝန်ခံ မူအာမတ်နာဆယ်ကပြောကြားသည်။ ၃၇ ဦးလိုက်ပါလာသောငါးဖမ်းသင်္ဘောသည် အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း ဂျာကာတာမြို့မှထွက်ခွာပြီး အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရေပြင်သို့ဦးတည်သွားခြင်း ဖြစ်သည်ဟု သိရသည်။ Selayar ကျွန်းပေါ်တွင် ၁၃ ဦးသောင်တင်နေခဲ့ပြီး ၎င်းတို့အနက်နှစ်ဦးသေဆုံးခဲ့ကြောင်း မူအာမတ်နာဆယ်ကပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ရာသီဉတုပိုမိုဆိုးရွားမှုနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားမိုးလေဝသနှင့် ဘူမိရူပဗေဒအေဂျင်စီက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို