နိုဝင်ဘာ ၂၂

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၁၆၂ ဦး ရှိလာသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်၊ အဆောက်အအုံနှင့် အခြေခံအဆောက်အဦများလည်း အများအပြား ပျက်စီးသွားခဲ့သည်။ မြို့တော် ဂျာကာတာတွင် ငလျင်လှုပ်ခတ်မှု ပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုငလျင်ဒဏ်ပြင်းထန်စွာခံရသော ဒေသများအနက်တစ်ခုဖြစ်သည့် စီအန်ဂျာခရိုင်ရှိ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့်စီမံခန့်ခွဲရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ နေအိမ်များပျက်စီးသွားသဖြင့် ၎င်းတို့၏နေအိမ်များမှ ယာယီနားခိုရေးစခန်းများသို့ ရောက်ရှိလာသူ ၁၃၇၈၄ ဦးရှိကြောင်း သိရသည်။

ယင်းငလျင်လှုပ်ခတ်မှုကြောင့် အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊တံတား၊ စာသင်ကျောင်း၊ ရုံး၊ ဘုရားကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများ ပျက်စီးသွားခဲ့သည်။

ထိုငလျင်သည် အနောက်ဂျာဗားပြည်နယ် စီအန်ဂျာခရိုင်၏အနောက်တောင်ဘက်  ကီလိုမီတာ ၁၀ အကွာတွင် ဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၁ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသ၊ ရာသီဉတုနှင့်ဘူမိရူပဆိုင်ရာ အေဂျင်စီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို