ဇန်နဝါရီ ၁၀
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း မာလူကူပြည်နယ်တွင် ပြင်းအား ၇ ဒသမ ၅ ပမာဏငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံနှင့်နေအိမ်များ အများအပြားပျက်စီးခဲ့ကြောင်း မိုးလေဝသအေဂျင်စီနှင့်တာဝန်ရှိသူများက ပြောကြားသည်။
အနီးနားရှိပြည်နယ်အများအပြားတွင်လည်း ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုဒေသမှလူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါငလျင်သည် မနက် ၀၀ နာရီ ၄၇ မိနစ်တွင် မာလူကူတန်ဂရာဘာရတ်ခရိုင်၏ အနောက်မြောက်ဘက် ၁၄၈ ကီလိုမီတာအကွာ၊ ပင်လယ်ကြမ်းပြင်အောက် အနက် ၁၃၁ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။
ထိုငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်ပေါ်ခြင်းမရှိသော်လည်း ထိုပြည်နယ်နှင့် ဆူလာဝေစီ အရှေ့တောင်ဘက်ရှိအနီးနားပြည်နယ်တို့တွင် ယင်းအေဂျင်စီက ဆူနာမီသတိပေးချက်ထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို