မတ် ၁၁

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၂၆ ဦးနှင့်  ပျောက်ဆုံးနေသူ ၁၁ ဦးအထိရှိလာကြောင်း နိုင်ငံအမျိုးသားသဘာဝဘေးလျော့ပါးရေးအေဂျင်စီက ယနေ့တွင် ဖော်ပြထား သည်။ အဆိုပါသဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ဘေးသင့်သူပေါင်း ၃၉၀၀၀ ထက်မနည်းရှိကြောင်းနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရန် ထိုအေဂျင်စီအနေဖြင့် ဒေသတွင်းအာဏာပိုင်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း အေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ထိုပြည်နယ်တွင် မတ်လ ၇ ရက်ကစတင်ကာ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် ထောင်နှင့်ချီသောအဆောက်အအုံများ၊ နေအိမ်များရေလွှမ်းမိုးခံပြီး လျှပ်စစ်မီးများပြတ်တောက်ခဲ့သည်ဟုသိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်များလှုပ်ခတ်ခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်းနှင့် ရေကြီး၊ မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို