အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ထောင်ပေါင်းများစွာသောလူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်း

မတ် ၁၉

အင်ဒိုနီးရှားနိုင်အလယ်ပိုင်းဂျာဗားပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ထောင်ချီရှိသောလူများသည် ၎င်းတို့၏ နေအိမ်များမှဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း ဒေသတွင်းဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ယမန်နေ့က ဖော်ပြထားသည်။ အဆိုပါရေကြီးမှုသည် မတ်လ ၁၆၊ ၁၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒီမတ်ခ်ဒေသသည် ရေဘေးသင့်ခံရမှုအဆိုးရွားဆုံးဖြစ်ပြီး လူပေါင်း ၂၂၀၀၀ ကျော် ယာယီခိုလှုံရေးစခန်းတွင် နေထိုင်ကြောင်းဖော်ပြထားသည်။ ခရိုင် ၁၁ ခုရှိ ကျေးရွာ ၈၉ ရွာတို့တွင် ရေလွှမ်းမိုးခံရကြောင်းနှင့် ဆည်ပြိုကျမှုဖြစ်ပွားပြီးနောက် ဒီမတ်ခ်ဒေသတွင် ရေကြီးမှုပိုမိုဆိုးဝါးခဲ့ကြောင်း သိရသည်။ မိုးရာသီကာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမှုနှင့်မြေပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို