အင်ဒိုနီးရှားနိုင်ငံ၌ ရထားနှင့်ဘတ်စ်ကားတိုက်မိသဖြင့် ငါးဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ

ဧပြီ ၂၂

အင်ဒိုနီးရှားနိုင်ငံတွင် ယမန်နေ့က ရထားနှင့် ဘတ်စ်ကား မတော်တဆမှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးပြီးအခြား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါမတော်တဆမှုဖြစ်ပွားရာနေရာတွင် တစ်ဦးပွဲချင်းပြီးသေဆုံးပြီး လေးဦးမှာ ဆေးရုံသို့ပို့ဆောင်နေစဉ်အတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုမတော်တဆမှုဖြစ်ပွားချိန်က ရထားမောင်းသူက အချက်ပေးသံအကြိမ်များစွာပြုလုပ်ခဲ့သော်လည်း ဘတ်စ်ကားမောင်းသူက ဂရုစိုက်မှုမရှိသဖြင့် ရှောင်လွှဲ၍မရနိုင်တော့ပဲ တိုက်မိသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယာဉ်မတော်တဆမှုမဖြစ်ပွားမီ ရထားမောင်းသူက ရထားကိုရပ်တန့်ရန်ကြိုးစားခဲ့သော်လည်း အကွာအဝေး နီးကပ်လွန်းသဖြင့် ဘတ်စ်ကားကို အရှိန်ပြင်းစွာဖြင့်တိုက်မိပြီး ဘတ်စ်ကားမှာမီတာ ၅၀ အကွာခန့်အထိ တရွတ်တိုက်ပါလာသည်ဟုသိရသည်။ ထိခိုက်ဒဏ်ရာရသူအားလုံးကို အနီးအနားရှိဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို